အထိုင်များသည့် ဘ၀နေမှု စတိုင်က လူကို ၀တက်လာအောင် လုပ်နိုင်ရုံသလို၊ တစ်ပြိုင် တည်းမှာပင် ဦးနှောက်ကိုကား ကျုံ့သွားအောင်ပါ လုပ်ပစ်နိုင်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
အသက် (၄၀) အရွယ်မှာ ၀၀ဖိုင့်ဖိုင့် ဖြစ်နေသူများသည် (၆၀) အရွယ် ရောက်သည့်အခါ ဦးနှောက် အတွင်းမှာ မီးခိုးရောင် အရည်များ ပုံမှန်ထက် လျော့နည်း နေတတ်ကြောင်း လေ့လာ တွေ့ရှိရသည်။ စိတ်စွမ်းဆောင်ရည်ကို စစ်ဆေးသည့် အခါတွင်လည်း ထိုသူများသည် ရမှတ် နည်းပါးကြောင်း တွေ့ခဲ့ရသည်။
သက်လတ်ပိုင်းအရွယ်တွင် ကျစ်လျစ် ဖျတ်လတ်သော ကိုယ်နေဟန်ထား ရှိခြင်းသည် သက်ကြီးပိုင်း ရောက်ချိန်ထိ ဦးနှောက်ကို နုပျိုနေစေမည့် အဓိက အချက် ဖြစ်ကြောင်း သုတေသန ပညာရှင်များက ဆိုသည်။
သုတေသနကို ဘော်စတန် တက္ကသိုလ်မှ သုတေသီများက ပြုလုပ်သည်။ အရွယ် ရောက်ပြီးသူ (၁၂၀၀) ၏ ဦးနှောက် ကျန်းမာမှုကို နှစ်ပေါင်း နှစ်ဆယ်ကြာ စောင့်ကြည့် မှတ်တမ်း တင်ခဲ့သည်။ သုတေသနတွင် ပါဝင်သူများသည် သုတေသန အစပိုင်းတွင် အသက် (၄၀) ၀န်းကျင်များ ဖြစ်သည်။
မြန်နှုန်း တစ်နာရီ (၂ ဒသမ ၅) မိုင်ဖြင့် သွားနေသော လမ်းလျှောက် စက်ပေါ်တွင် လျှောက်ခိုင်းကာ တစ်ဦးစီ၏ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းများကို မှတ်တမ်းတင်သည်။ ထိုသူများ အသက် (၆၀) ရောက်သည့်အခါ သူတို့ ဦးနှောက်ကို ပုံရိပ်ဖော်စက်ဖြင့် ရိုက်ယူသည်။ ဦးနှောက် စွမ်းဆောင်ရည်စစ် မေးခွန်းများလည်း ဖြေခိုင်းသည်။
လမ်းလျှောက် စက်ပေါ် လျှောက်နေရချိန်တွင် နှလုံးခုန်နှုန်းက သိပ်မြန် နေသူများသည် အသက် (၆၀) ရောက်သည့်အခါ ဦးနှောက်ထဲတွင် မီးခိုးရောင် အရည်ကြည် အခြားသူများထက် နည်းပါး သွားကြောင်း တွေ့ခဲ့ရသည်။ အလားတူပင် လမ်းလျှောက် စက်ပေါ် လျှောက်နေစဉ် သွေးပေါင် မြန်မြန် ဆန်ဆန် တက်လာ သူများသည်လည်း အသက် (၆၀) ရောက်၍ စိတ်စွမ်းရည် အကဲဖြတ် မေးခွန်းများ ဖြေရသည့်အခါ အခြား သူများလောက် ရလဒ် မကောင်းကြောင်း တွေ့ရသည်။လမ်းလျှောက်စက်ပေါ် တက်ပြီး လမ်းနည်းနည်းလောက် လျှောက်လိုက်ရုံဖြင့် နှလုံးခုန်တွေ သိပ်မြန်လာ၊ သွေးပေါင်တွေ သိပ်တက်လာခြင်း ဟူသည် ယခင်က ကျန်းမာရေး လေ့ကျင့်ခန်း မလုပ်ဘဲ အထိုင် များခဲ့သဖြင့် လေ့ကျင့်ခန်း လုပ်လေ့ လုပ်ထမရှိဘဲ ဖြစ်ကာ ခန္ဓာကိုယ်က မြန်မြန် ဆန်ဆန် ပင်ပန်းလာခြင်း ပြယုဂ်ဖြစ်သည်။
အသက် (၄၀) တွင် ၀၀ ဖိုင့်ဖိုင့်နှင့် လွယ်လွယ် မောပန်းတတ် သူများသည် အသက် (၆၀) ရောက်သည့်အခါ ထပ်စစ်သည်တွင် ဦးနှောက်ပိုင်းပါ စွမ်းဆောင်ရည် ကျနေကြ ပြန်ကြောင်း တွေ့ရသဖြင့် မလှုပ်မရှား အထိုင်များသော နေမှုပုံစံသည် ကျန်းမာရေးကို သာမက ဦးနှောက်ကိုပါ စွမ်းအင် ကျစေကြောင်း ထင်ရှားခဲ့တော့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit : Messenger




Post a Comment
Note: Only a member of this blog may post a comment.