““ဘယ်လိုလဲ အဘထွေး ၊ တော်တော်ပင်ပန်းနေပြီလား””
ချွေးသံရွှဲရွှဲ အင်္ကျီစုတ်စုတ်ကို ရွှံ့ဗွက်မည်းမည်းတွေနှင့် ဖာထေးထားသည့် အဘထွေးရဲ့အင်္ကျီက ဘယ်လောက်ပင်ပန်း ထားသည်ကို ပြနေသလိုပါ။
““တော်ပါပြီ ဆရာလေးရယ် ၊ အဘ မလုပ်ချင်တော့ပါဘူး။ တခြားအလုပ်လုပ်စရာ ရှိလို့ မဟုတ်ပါဘူး။ ဒီအလုပ်လုပ်မှ ဒီနေ့ စားစရာပိုက်ဆံရမှာပါ။ ဒါပေမဲ့ ဆရာလေး မြောင်းတူးသမား ၊ အလုပ် ကြမ်းသမားမှာ သူ့အလုပ်ရဲ့ ဂုဏ်သိက္ခာဆိုတာ ရှိတယ်။ ဒီအလုပ်လုပ် ၊ ဒီလောက်ပေးမယ်ဆိုပေမဲ့ ပေးတဲ့လုပ်ခက တန်ရာတန်ဖိုးဖြစ်နေမှ အလုပ်လုပ်တဲ့သူလည်း သူ့ရဲ့ဂုဏ်သိက္ခာရော ၊ သူ့အလုပ်ဂုဏ်သိက္ခာပါ ရှိပေမပေါ့ ဆရာလေးရယ်။ ဒီအလုပ်ကလွဲရင် သင်း တခြားလုပ်စရာ မရှိဘူးဆိုပြီး တစ်ပဲခြောက်ပြားနဲ့ လုပ်အားညှစ်ထုတ်နေရင်တော့ အဘလျှာ မြက်ပေါက်ပါစေ ၊ ပိုက်ဆံစကားပြောတာ မဟုတ်ဘူးနော်၊ တန်ရာတန်ဖိုးလေးတောင် မရရင်တော့ အဘမလုပ်ချင်တော့ဘူး ကွယ့်””
စာရေးသူ တဒင်္ဂတော့ တပည့်လေးတစ်ယောက် ဖြစ်သွား သည်။ ဆရာဖြစ်သူကတော့ အိမ်နီးချင်းတစ်ဦးက မြောင်းပေါက် ခိုင်းထားသည့် အညာသားအဘိုးကြီး အဘထွေးပဲ ဖြစ်သည်။ မြန်မာ နိုင်ငံမှ အဘထွေးတင် မဟုတ်ပါ။ အနောက်နိုင်ငံမှ အတွေးအခေါ် ပညာရှင်တွေကလည်း ‘‘People do not live by bread alone. They are pleased to get a good pay check’’ ဟု မိန့်သည်။ ““လူတွေဟာ ပေါင်မုန့်တစ်လုံးနဲ့ အသက်မရှင်နိုင်ပါဘူး။ ထိုက်တန် ပြည့်ဝတဲ့ ငွေထုတ်လက်မှတ်လေးတစ်ခုကမှ သူတို့ရဲ့ဘ၀အမော ၊ အလုပ်အမောတွေကို ပြေပျောက်စေမယ်”” ဆိုသည့် အဓိပ္ပာယ်ပါ။
ယနေ့ စာရေးသူတို့နိုင်ငံ၌ လုပ်အားကို အဆမတန်ညှစ်ထုတ်ပြီး လုပ်ခ လစာကျတော့ တွန့်တိုနေတတ်သည့်လုပ်ငန်းရှင်များ မမြင်ချင်မှ အဆုံးပါ။ ငွေသည် လူ့ဘ၀တွင် ပထမမဟုတ်သော်လည်း ဒုတိယ ၊ တတိယလည်း မဟုတ်ပါ။ လုပ်ငန်းတစ်ခုတွင် လုပ်ခလစာသည် လုပ်သား၏လုပ်ငန်းဂုဏ်သိက္ခာကို ရည်ညွှန်းနေလျှင် ငွေသည် ဤနေရာ၌ ဘ၀၏ ပထမပင်။ လုပ်ငန်း၏ ဂုဏ်သိက္ခာသည် လုပ်သား ၏ စိတ်ဓာတ်ကိုလည်း မြင့်ချီ ၊ နိမ့်ချီ အစစပြုပြင်နိုင်ပါသည်။ လုပ်ငန်း ဂုဏ်သိက္ခာရှိလေ ၊ မြင့်လေမှ လုပ်သား၏ Motivation မြင့်လာမှာ ဖြစ်သည်။ လုပ်ငန်း၏ ဂုဏ်သိက္ခာရှိဖို့ဆိုသည်မှာ ထိုက်တန်သည့် လုပ်ခလစာသည် အခရာ ဖြစ်သည်။
ထိုက်တန်သည့် လုပ်ခလစာမရရှိ သည့် ဝန်ထမ်းများထံ ပြည့်မီသည့် ထုတ်လုပ်မှုစွမ်းအားများ မျှော်လင့် မနေသင့်ပါဘူး။ Motivation မမြင်တော့လျှင် ရလဒ်ကောင်းများ မပေါ်ထွက်နိုင်တော့ပါ။ ၀န်ထမ်း၏အလုပ်သည် ကုမ္ပဏီ၏ အလုပ် ပါ။ ၀န်ထမ်း၏ အလုပ်ဂုဏ်သိမ်ငယ်ခြင်းဟာ ကုမ္ပဏီ၏ဂုဏ်သိက္ခာ ယုတ်ညံ့ခြင်းပါ။ သို့ဆိုလျှင် စာရေးသူတို့နိုင်ငံအတွင်းမှ လုပ်ငန်းရှင် များ စဉ်းစားသင့်သည်မှာ ““ငါတို့ကုမ္ပဏီမှာ အဘထွေးတွေ တော်တော် များနေပြီလား”” ဆိုတာပင် ဖြစ်သည်။
နောက်စာတမ်း တစ်ခုကတော့ ‘‘Let staff participants and involve in decision making’’ ဆိုသည့် စာတမ်း လေးပါ။ ““အဆုံးအဖြတ်ပေးတဲ့ နေရာတွေမှာ ကိုယ့်ဝန်ထမ်းတွေ ပါဝင်စေဖို့ပဲ”” ဟု လိုရင်းကို ပြောလို့ရသည်။ ၎င်းကို တွေးမိသည် ကတော့...
““လာမရှုပ်နဲ့ သွားစမ်း ၊ ကိုယ့်နေရာကိုယ် သွားနေစမ်း””
““အဲဒါပဲဗျာ။ ပြဿနာတစ်ခု ရှင်းပြီဆို ဒီကလေးတွေက လာလာ နားထောင်နေတာပဲ။ တော်တော်ရှုပ်တဲ့ ငတိလေးတွေ””
ယင်းကတော့ စာရေးသူအလုပ်နှင့် ပတ်သက်သည့် အရေး ကြီးကိစ္စတစ်ခု ပေါ်လာခြင်းကြောင့် လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း တစ်ဦးအိမ်တွင် သွားရောက်ပြီး တိုင်ပင်ဆွေးနွေး အဖြေရှာနေတုန်း သူ့ကလေးများ လာနားထောင်၍ သူငယ်ချင်းက မောင်းထုတ်လိုက် တာပါ။ ကျွန်တော် အိမ်ရောက်တော့ စိတ်တည်ငြိမ်မှု အတန်အသင့် ရလာပြီး ပြန်တွေးမိသည်။ ကလေးများကို လူရာမသွင်းသည့် ကိစ္စကိုပါ။
လူဖြစ်ပြီး လူရာသွင်းမခံရခြင်းသည် တကယ်တော့ မကောင်းသည့်လက္ခဏာ ဖြစ်သည်။ ““ကလေး ကလေးနေရာနေ”” ။ သည်စကားလုံးက အရှေ့တိုင်းတွင် (အထူးသဖြင့် မြန်မာနိုင်ငံတွင်) လူကြီးများ သိပ်ခုံမင်သည့် အတွေးအခေါ်မှား စကားလုံးပါ။ ကလေး ကော တစ်နေ့လူကြီး မဖြစ်တော့ဘူးလား။ ဒီလိုပါပဲ လက်အောက် ငယ်သား ၀န်ထမ်းတွေကကော အထက်လူကြီး၏ ရာထူးကို တစ်နေ့ လက်ဆင့်ကမ်း ထမ်းဆောင်ရမည်ဟု မမျှော်မှန်းရတော့ဘူးလား။ ၀န်ထမ်းများကို သူတို့ အလုပ်လုပ်ပေးနေသည့် ကုမ္ပဏီ၏ ပေါ်ပေါက် လာသည့် ပြဿနာများ ဖြေရှင်းသည့်နေရာ၌ ပါဝင်ဆွေးနွေးခွင့် မပေးတော့ဘူးလား။ တကယ်တော့ သူတို့၏ တစ်ပေါင်းတစ်စည်းနှင့် တစ်သားတည်းဆိုသည့် စိတ်ဓာတ်သည် ကုမ္ပဏီလုပ်ငန်းတစ်ခု၏ ရွှေရောင်လက်သည့် ရှေ့ရေးအတွက် တစ်အားပါ။
အချို့ပြဿနာ ဖြေရှင်းသည့်နေရာတွင် အရည်အသွေးတက်လာသလို အတွေ့ အကြုံတွေလည်း ရှိလာပါမည်။ မည်သည့်ကိစ္စများမှာ လက်အောက်ငယ်သားများ ပါဝင်ဆွေးနွေးစေသင့်သည် ၊ မည်သည့်ကိစ္စများ ကတော့ အထက်လူကြီးပိုင်းပဲ စဉ်းစားဆွေးနွေးသင့်သည်ဆိုသည် ကတော့ အတွေ့အကြုံ ၊ အရည်အချင်းနှင့်ယှဉ်ပြီး စဉ်းစားဆုံးဖြတ် ရမှာ ဖြစ်သည်။ လက်အောက်ငယ်သားများကို အရေးပေးဖြေရှင်း ခိုင်းပြီး ထွက်လာသည့် ဆုံးဖြတ်ချက် ရလဒ်မှားခြင်း ၊ မှန်ခြင်းကိုတော့ ကိုယ်ကဦးဆောင်ပြီး Guideline ပေးရမှာ ဖြစ်သည်။ နောက် တန်ဖိုးဖြတ်မရသည့် အရေးပါဆုံးရလဒ်ကတော့ ၎င်းတို့ကို အရာ ပေးခြင်းနှင့် ၎င်းတို့၏ Motivation မြင့်တက်လာတာပါပဲ။ မြင့်မား လာသည့် Motivation သည် မိမိကုမ္ပဏီလုပ်ငန်း အောင်မြင်မှု အတွက် အုတ်ချပ်ကုဋေကုဋာ ဆိုသည်ကတော့ အသေအချာပင် ဖြစ်သည်။
နောက်စာတမ်းတစ်ခုကတော့ ‘‘Do not blame your staff ’’။ သဘောကတော့ ““၀န်ထမ်းများကို အပြစ်မတင်ပါနှင့်”” ဟု အဓိပ္ပာယ်ရသည်။ ဤစာတမ်းကို ဖတ်ပြီး တွေးမိသည်ကတော့...
ညနေရုံးမှအပြန် ထမင်းဆာဆာနှင့် ထားဝယ်သားပီပီ ငါးပိသုပ်လေးကို ခရမ်းကြွပ်သီးလေးနှင့် ထမင်းထဲမြှုပ်ပြီး အားရပါးရ
စာရေးသူသည် ဗဟိုသမ၀ါယမကောလိပ်၏ (အငြိမ်းစား) ကျောင်းအုပ်ကြီးတစ်ဦးဖြစ်ပြီး ယခုလက်ရှိတွင် Myanmar Classic Group Co., Ltd. (Chigo Aircon)၏ အကြံပေးအဖြစ် ဆောင်ရွက်နေ ပါသည်။ ထို့ပြင် ဂျာနယ် ၊ မဂ္ဂဇင်းများတွင် ပင်တိုင်ဆောင်းပါးရှင်အဖြစ် ဆောင်းပါးများကို ရေးသားနေသလို စွန့်ဦးတီထွင်လုပ်ငန်းရှင် ၊ အမှုဆောင်အရာရှိချုပ် ၊ ကိုယ်ကျင့်တရား ၁၀၁ ၊ လုပ်ငန်းခွင်ပြဿနာအမေးနှင့် အဖြေများ စသော လုံးချင်းစာအုပ် ၁၆ အုပ် ကိုလည်း ရေးသားထားပါသည်။
လွေးလိုက်မိသည်။ ငါးပိသုပ်က ငါးပိများနေပြီး ငန်ကျိနေသဖြင့် စိတ်တိုတိုနှင့် အိမ်နောက်ဖေးက Domestic Helper နှစ်ဦးကို အော်မေးမိရာ တစ်ဦးက ““ကျွန်မသုပ်တာပါ”” ဟု ပြန်ဖြေလိုက်ခြင်း ပင် ဖြစ်သည်။
““အေး ကောင်းပါတယ်ကွာ။ နောက်တစ်ခါ ငါးပိသုပ်ရင် ငါးပိနည်းနည်းလျှော့ထည့်နော် သမီး”” ။ သူတို့ကျေနပ်သွားအောင် သာ ပြောလိုက်ရသည်။ ငါးပိသုပ်ကို ဆက်မနှိုက်တော့။ သွေးတိုးရုံသာ ရှိတော့သည်။ ထမင်းပွဲကို အခြားဟင်းများနှင့် အဆုံးသတ်လိုက် ရသည်။ အဲဒီ Helper နှစ်ဦးမှာ ဟင်းချက်ရာတွင် အပေါက်အလမ်း မတည့်သဖြင့် လည်းကောင်း၊ အခြားကိစ္စရပ်များ လုပ်ဆောင်စေရာ တွင်လည်း ပုံစံမကျသဖြင့်လည်းကောင်း တစ်အိမ်သားလုံး၏ဆူပူ မာန်မဲမှုများကို မကြာခဏခံနေကြရပြီး တောကိုပြန်မည် တကဲကဲလုပ် နေသဖြင့် မနည်းချော့မော့နှစ်သိမ့်နေရသူများပင် ဖြစ်သည်။
သူတို့မရှိလျှင်လည်း မဖြစ်သည့် အခြေအနေမျိုးဖြစ်သဖြင့် သူတို့နှင့်ဆက်ဆံရေးကို ပုံစံတစ်မျိုးပြောင်းရန် မိသားစုအစည်း အဝေးထိုင်ညှိနှိုင်းကာ အချိုးပြောင်းလိုက်ရပေတော့သည်။ ယင်း အချက်မှာ သူတို့နှင့်ပြောဆိုတိုင်း အကြိုက်မတွေ့သော်လည်း အပြစ်မပြောရန်ဆိုသည့် အချက်ပင် ဖြစ်သည်။ သို့ဖြစ်ရာ ငါးပိသုပ် ငန်နေသည့်ကိစ္စကို အပြစ်လုံးဝမပြောတော့ခြင်း ဖြစ်သည်။ ယင်းသို့ မိသားစုတစ်စုလုံး တက်ညီလက်ညီ သူတို့နှင့်ပြောဆိုဆက်ဆံတိုင်း မချီးကျူးသည့်တိုင် အပြစ်မတင်တော့သည့်အချိန်မှစ၍ တောပြန် မည့်စကား လုံးဝမဟတော့။ ၎င်းအပြင် အိမ်မှုကိစ္စအ၀၀နှင့် အချက် အပြုတ်ကိစ္စတိုင်းတွင် ယခင်ကထက် ပိုမိုကြိုးစားဆောင်ရွက်လာ သည်ကို တွေ့ရပေသည်။
အသိဉာဏ်နည်းပါးသော Domestic Helper တို့သည် ပင်လျှင် အပြစ်မတင်သည့်အခါ စိတ်ဓာတ်တက်ကြွပြီး အရင်ကထက် ပိုပြီးလုပ်လာခဲ့လျှင် အသိဉာဏ်ပညာရှိသည့် ကိုယ့်ကုမ္ပဏီက ၀န်ထမ်း များကို သူတို့၏ လုပ်ဆောင်ချက်ပြီးတိုင်းပြီးတိုင်း အပြစ်မတင်သည့် အပြင် ချီးကျူးမှုများပြုလိုက်လျှင်ဖြင့်။
နောက်စာတမ်းလေးတစ်ခုကတော့ “Trust your staff’” ပါ။ ““ကိုယ့်ဝန်ထမ်းတွေကို ယုံပါတဲ့”” ကိုယ်တွေ့အဖြစ် အပျက်လေးတစ်ခုကို ပြောရလျှင်။
““ဘယ်လောက်ကျလဲ ၊ ကားပြင်တာ””
““၂၅,၀၀၀ ကျတယ်ဖေဖေ ၊ သားတောင် နှစ်ထောင်စိုက်ခဲ့ ရသေးတယ်””
““ဟာ မင်းဟာ မဟုတ်သေးပါဘူး။ ဒီလောက် မကျနိုင်ပါဘူးကွာ””
““အဲဒါဆိုလည်း ကျွန်တော့်ကို နောက်မခိုင်းနဲ့ဗျာ””
သာမန်ကြည့်လျှင် တော်တော်ရိုင်းသည့်သားဟု ဆိုရမှာပါ။ သို့သော် ဒေါသကို ချုပ်တည်းပြီး ပြဿနာကို သေချာစေ့ငုကြည့်သည့် အခါ ကိုယ်က မယုံသင်္ကာနှင့် ပြောလိုက်တော့ မလေးစားမှုနှင့် ကိုယ့် အဖေကို ပြန်ပက်လိုက်တာပါပဲဆိုတာ သိလာရသည်။ ဤသည်မှာ လူတစ်ယောက်အပေါ် မယုံသင်္ကာစိတ်နှင့်ခိုင်းသည် ၊ မယုံသင်္ကာစိတ် နှင့် နားထောင်မည် ၊ မယုံသင်္ကာစိတ်နှင့် သုံးသပ်သည်ဆိုလျှင် ပဋိပက္ခ (Conflict) ရလာမှာပါ။ မယုံသင့်သည့် သူကိုမယုံသည်မှာ မှန်သော် လည်း ကိုယ်ယုံ၍ ခိုင်းလိုက်သည့်သူကို မယုံသင်္ကာစိတ်ထားနေခြင်းမှာ အရည်အသွေးညံ့သည့် လူကြီးများ စိတ်ထားပါ။ အရိုင်းအစိုင်းဟု ပြောမရသည့် သားကတောင် အဖေကို ထိုသို့ပြန်ပြောခဲ့လျှင် အဖေနှင့် သားမဟုတ်သည့် ၊ ကုမ္ပဏီအထက်လူကြီးနှင့် လက်အောက်ငယ်သား ၀န်ထမ်းများကြားထဲ Mutual Trust ဆိုသည့် အပြန်အလှန်ယုံ ကြည်မှုမရှိလျှင် အလွန် မခံချိမခံသာဖြစ်နေမည် ဆိုသည်ကို တွေးလို့ ရသည်။
ကိုယ့်ကို ထမင်းကျွေးသည့် အလုပ်လေး ပြုတ်မသွားအောင် ကျားကန်ထားရသည့်၊ တကယ်မဟုတ်ဘဲဖြင့် မယုံသင်္ကာအဖြစ်ခံနေ ရသည့် ၀န်ထမ်းများ ဒုနဲ့ဒေးပါ။ အရာရာကို မျက်စိမှိတ်ယုံကြည်ရ မည်ဟုတော့ မဆိုလိုပါ။ အထက်လူကြီးအနေဖြင့် ကိုယ်ယုံ၍ခိုင်း လိုက်သည့် ၀န်ထမ်းကို Trust ထားသလို ၀န်ထမ်းကလည်း ကိုယ့် အထက်အရာရှိ၏ အရည်အသွေးအပေါ် Trust ထားမည်ဆိုလျှင် Mutual Trust တည်တံ့ပြီး လုပ်ငန်းခွင်ဆောင်ရွက်မှု အရည်အသွေး တက်လာမှာပါ။ ကိုယ့်ကျေးဇူးရှင်ဖခင်ကိုပင် Trust ရှိမလာတော့ ငရဲအကျခံ စော်ကားရဲသေးတာ ၊ ဘာမှမတော်သည့် အထက်လူကြီး များကို Trust အမဲ့ခံရသည့် ၀န်ထမ်းများက အသံတိတ် စိတ်ထဲ မှာ ကြိတ်မှိတ်ပြီး မည်မျှစော်ကားနေပြီလဲဆိုတာ သတိထားကြည့် သင့်သည်။
လူတစ်ယောက်နှင့်တစ်ယောက်၏ Mutual Trust သည် တစ်ဦး၏စိတ်ကို တစ်ဦးက Motivate လုပ်နိုင်သလို ၊ လုပ်ငန်းတစ်ခု အောင်မြင်စွာပြီးမြောက်ဖို့ကိုလည်း Mutual Trust က အဓိက အခန်းကဏ္ဍက ပါဝင်နေသည်ဆိုတာလည်း သတိချပ်သင့်သည်။
အားလုံးကို ခြုံ၍တင်ပြရလျှင် ကုမ္ပဏီ၏တာဝန်ရှိ ပုဂ္ဂိုလ် များသည် မိမိတို့ ကုမ္ပဏီလုပ်ငန်းများကို ထဲထဲဝင်ဝင်လုပ်ပေးနေကြ သော ၀န်ထမ်းလွှာအသီးသီးနှင့် စီမံခန့်ခွဲ ဆက်ဆံကြရာတွင် လူသား ဆန်ဆန်နှင့် သတိကြီးစွာ ဆက်ဆံတတ်ကြဖို့ လိုကြောင်းကို အသံ တိတ်ပညာပေးစာတမ်းလေးများက ဖော်ပြနေပေသည်။
This is a copy article.
Credit to - B2B Magazine,Myanmar
This is a copy article.
Credit to - B2B Magazine,Myanmar
အသံတိတ် ပညာပေး စာတမ်းလေးများ
12:35 AM
cover